အချိန်ဆိုတာ ဒီလိုပါလား That The Time Means…
မင်းခန့်ကျော် [IR]
အချိန်… ။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် အသုံးများလှသော စကားလုံးတစ်လုံး ဖြစ်ပေသည်။ အမှန်စင်စစ် အချိန်ဆိုသည်မှာ စကားလုံးတစ်လုံးဆိုသည်ထက် ပိုသော အဓိပ္ပာယ်၊ ပိုသော စွမ်းအင်၊ ပိုသော ဝိသေသလက္ခဏာတို့ ရှိလေသည်။ အချိန်သည် စာရေးသူတို့၏ စိတ်ကို ပြောင်းလဲနိုင်သော အစွမ်းသတ္တိရှိ၏။
ကျွန်ုပ်တို့သည် ငယ်စဉ်က အချိန်နှင်ပတ်သတ်၍ များစွာ စာစီကုံးခဲ့ပေမည်။ အချိန်နှင့်ပတ်သတ်သော စကားပုံများစွာကိုလည်း ကြားဖူးနားဝရှိကြပေမည်။ သို့သော် "အချိန်ဆိုတာ ဒီလိုပါ"ဟူ၍ အချိန်၏ အစွမ်းသတ္တိတို့ကိုကား ကောင်းစွာသိရှိနားလည်သူ ရှားပါးလှချေ၏။ စာရေးသူ ကိုယ်တိုင်သည်လည်း အချိန်၏ ထူးခြားဆန်းကြယ်မှုကို အံ့သြမှင်သက်နေရဆဲဖြစ်၏။ နိင်ငံတကာ သုတေသနပညာရှင်များက လူတစ်ယောက်တွင် သက်တမ်း ၇၉နှစ်ရှိသည် ဟုဆိုသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ တရားဒေသနာများအရမူကား ယခုအခါ လူ့သက်တမ်းသည် ၇၅နှစ်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လူတို့သည် မိမိတို့၏ ဘဝတွင် ရရှိသော အချိန်များကို တန်ဖိုးရှိစွာ အသုံးချသင့်သည်။ထိုသို့ တန်ဖိုးရှိစွာ အသုံးချတတ်စေရန် အချိန်၏ တန်ဖိုးကို သိရှိရန်လိုအပ်ပေသည်။
အချိန်ကား ဆန်းကြယ်သော အစွမ်းရှိ၏။ တစ်ချိန်က စိတ်ကျဉ်းကျပ်စရာများ၊ စိတ်ရှုပ်စရာများသည် အချိန်ကြာလာသည်နှင့်အမျှ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပြန်ပြောနိုင်သည့် အခြေအနေမျိုး ဖြစ်လာသည်။ လွန်ခဲ့သောနှစ်များက ပြင်းပြင်းထန်ထန် ဝမ်းနည်းပူဆွေးခဲ့ရသည်များသည်လည်း ယနေ့တွင် မေ့မေ့ပျောက်ပျောက်ဖြစ်နေလေပြီ။
စာရေးသူတို့ အသက် ၃နှစ်အရွယ်တွင် တစ်ရေးနိုး၍ အိပ်ရာပေါ်၌ အမေမရှိသည်က ကြေကွဲစရာ ကိစ္စတစ်ခုဖြစ်သည်။ အသက် ၆နှစ်အရွယ်တွင် ကျောင်းတွင် အမေမပါဘဲ တစ်ယောက်တည်းနေခဲ့ရသည်က ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်ရပ်ဖြစ်သည်။ အသက် ၁၂နှစ် အရွယ်အထိ မိုးခြိမ်းသံသည် ကြောက်စရာအကောင်းဆုံးအသံဖြစ်သည်။ တစ်ဖန် အသက် ၁၆နှစ် အရွယ်၌ စာမေးပွဲကျသည်က ဘဝ၏အဆုံးသတ်ဖြစ်ခဲ့ရ ပြန်သည်။ အသက်၂၀ဝန်းကျင်က ချစ်သူထားခဲ့သည်ကို သတ်သေချင်လောက်အောင် နာကျင်ခဲ့မိပေမည်။ အသက်၃၀အရွယ်တွင် စားဝတ်နေရေးက ပြဿနာဖြစ်ပြီး အသက်၄၀ အရွယ်တွင် သားရေးသမီးရေးက နှလုံးရောဂါကို အစပျိုးစေလိမ့်မည်။
သို့သော် ဘဝနေဝင်ချိန်တွင်မူကား တစ်ရေးနိုး အိပ်ရာပေါ်၌ အမေ့ကို လိုက်ရှာတော့မည် မဟုတ်။ ချစ်သူထားခဲ့သည်ကို မိမိကိုယ်သတ်သေချင်မည် မဟုတ်ချေ။ ဤသို့ ပြောင်းလဲသွားရခြင်းကား အချိန်၏ ဂုဏ်အရည်အချင်းတို့ကြောင့်ပင်ဖြစ်၏။ ကျွန်ုပ်တို့သည် မိမိကြုံတွေ့နေရသည့် စိတ်ညစ်စရာ၊စိတ်ရှုပ်စရာများကို စိတ်အေးအေးထားကာ မိမိအတွက် မည်မျှအရေးကြီးသနည်း။ မည်သို့ဖြေရှင်းသင့်သနည်း။ ဟု တွေးတော ဆင်ခြင်လိုက်ပါက မိမိတို့လိုအပ်သော အဖြေရလဒ်ကို ရရှိနိုင်မည်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တန်ဖိုးရှိလှသော အချိန်များကို စိတ်ညစ်စရာ စိတ်ရှုပ်စရာများ၌ အချိန်မကုန်စေဘဲ အကျိုးရှိသော အလုပ်များ၌ ကောင်းမွန်စွာ အသုံးချရန်လိုအပ်ပေသည်။
အပြန်အလှန်အားဖြင့် တစ်ချိန်က ပျော်ရွှင်စရာများ၊ ရယ်မောစရာများသည်လည်း မိမိတို့၏ မျက်ရည်ကို ဖန်တီးပေးနိုင်လေသည်။ ဤသို့ ရရှိသည့် မျက်ရည်သည်ပင် လွမ်းဆွတ်မှုကြောင့်ရသော မျက်ရည်နှင့် နောင်တမှ ပေးသော အပြစ်ဒဏ် မျက်ရည် ဟူ၍ နှစ်မျိုးကွဲပြားလေ၏။ ပထမတစ်မျိုးမှာ တစ်ချိန်က ပျော်ရွှင်မြူးတူးခဲ့သည်များကို တမ်းတသတိရသော်လည်း ယခုအချိန်၌ ထိုသို့ ပြန်လည်ဆုံဆည်း ပျော်ရွှင်ကြရန် မဖြစ်နိုင်တော့ သဖြင့် ကျရသောမျက်ရည်မျိုးဖြစ်သည်။ တစ်နည်းဆိုလျှင် ချစ်သောသူတို့ မိမိအပါးတွင် မရှိနိုင်သဖြင့်၊ ပျော်ရွှင်မှုကို တမ်းတသဖြင့် ကျသောမျက်ရည်ဖြစ်၏။ ဤသို့သော မျက်ရည်ကား လူတိုင်း၏ စိတ်နှလုံး၌ ကျေနပ်ပီတိကို ဖန်တီးပေးနိုင်သည်။ သို့သော် နောင်တကြောင့်ကျသောမျက်ရည်မျိုးကား တစ်ချိန်က မိမိမကြိုးစားဘဲ အပျော်အပါးတို့ကို လိုက်စားကာ အပျော်မှ အပျက်သို့ ဦးတည်ခဲ့ရသဖြင့် မိမိကိုယ်မိမိ အားမလို အားမရဖြစ်ကာ မကျေမနပ်ဖြင့် ကျရသော အပြစ်ဒဏ်မျက်ရည်မျိုးဖြစ်၏။ ထိုသို့မျက်ရည်မျိုးမကျစေရန် မိမိတွင် ရှိသောအချိန်တို့ကို တန်ဖိုးရှိစွာ အသုံးချရန်လိုအပ်ပြီး မှန်ကန်သော ပျော်ရွှင်မှုကိုသာ ရွေးချယ် ပျော်ရွှင်သင့်သည်။
ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် (အထူးသဖြင့် လူငယ်လူရွယ်များသည်) အချိန်ဆိုတာ ဒီလိုပါလား ဟူ၍ အချိန်၏ တန်ဖိုးကို ကောင်းစွာသိရှိနားလည်၍ စိတ်အနှောက်အယှက်ဖြစ်စရာ ကိစ္စများကို ဘေးချိတ်ကာ မိမိတို့၏တန်ဖိုးရှိသောအချိန်များကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ကောင်းမွန်စွာအသုံးချရင်း နောင်တမျက်ရည်များကင်းဝေးနိုင်ကြပါစေကြောင်း ဆုတောင်းရင်း…
အတိုင်းမသိစေတနာနှင့်…
မင်းခန့်ကျော်[IR]