04 Feb
04Feb



တွေးကြည့်ရင်ရယ်ချင်စရာကြီး

?ပီတိ

          "တွေးကြည့်ရင်ရီချင်စရာကြီး" ဆိုသောစကားမှာ လူ့အသိုင်းအဝိုင်းတွင် မကြာခဏကြားရတတ်သော စကားတစ်ခွန်းပင်ဖြစ်သည်။ သမရိုးကျကိစ္စရပ်တစ်ခုဖြစ်သော်လည်း အမှန်တကယ် ကြောင်းကျိုးစပ်ဆက်သုံးသပ်ကြည့်ရာ၌ အဆီအငေါ်မတည့်သည်များက ရယ်ချင်စရာဖြစ်သွားသည့်အခါ သုံးနှုန်းပြောဆိုလေ့ရှိပေသည်။ ယခုအခါ ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ တွေးကြည့်လျှင် ရယ်ချင်စရာ များစွာရှိပေသည်။ စာသင်ခန်းများ၊ ကားမှတ်တိုင်များ၊ အများသုံးယာဉ်လိုင်းများနှင့် အခြားအများပိုင်နေရာများတွင် လူအများစုတို့ ခေါင်းငိုက်ဆိုက်ကျလျက်ရှိနေကြသည်။ စာဖတ်နေကြသည်လားဆိုလျှင် တက်တက်စင်အောင်လွဲပေမည်။ Facebook, Instragram အစရှိသော လူမှုကွန်ယက်မီဒီယာများကို သုံးစွဲသူကသုံးစွဲ၊ Mobile Legend, COC စသဖြင့် အွန်လိုင်းဂိမ်းများကို ဆော့ကစားသူများက ကစား ဖြင့် လက်ကိုင်ဖုန်းကိုယ်စီ အလုပ်ရှုပ်နေကြခြင်းပင်ဖြစ်သည်။

           အွန်လိုင်းမီဒီယာများသည်လည်း စာရေးသူတို့၏ ဘဝကို တစ်နည်းတစ်ဖုံအထောက်အကူပြုလျှက်ရှိသည်မှာ ငြင်းရက်နိုင်စရာ အကြောင်းမရှိပေ။ အဝေးရောက်နေသူများနှင့်နီးစပ်စေသည်။ ကမ္ဘာကို အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်သည်။ မျက်တောင်တစ်ခက် လျှပ်တစ်ပြက်အတွင်း ထိုင်ရာမှမထ နိုင်ငံတကာအကြောင်းအရာများကို လေ့လာနိုင်သည်။ သို့သော် ယနေ့ ခေတ်လူငယ်အများစု အသုံပြုနေခြင်းမှာ အထက်ပါ အချက်များအတွက်မဟုတ်သည်မှာ ဝမ်နည်းစရာအချက်တစ်ခုပင်ဖြစ်သည်။ ကမ္ဘာကျော် ပညာရှင်ကြီးများမှအစ၊ ခေတ်ပညာတတ်လူငယ်များအလယ်၊ ပညာမဲ့အောက်ခြေလူတန်းစားများနှင့်တကွ လမ်းဘေးဈေးသည်၊ ဆိုက္ကားသမားများပါမကျန် အသုံးပြုနိုင်သော လူတန်းစားမခွဲခြားသည့် မျှတလွတ်လပ်သော အွန်လိုင်းမီဒီယာကြီးများပေါ်၌ ယခုအခါ သတင်းအမှန်တို့ထက် အတင်းအသံတို့က ပိုမိုများပြားလာပြီဖြစ်သည်။ မည်သူက မည်သို့သောရည်ရည်ချက်ဖြင့် တင်မှန်းမသိသော သတင်းများကို ဖတ်ရှုနေရသည်။ အမှန်တရားများလည်းရှိသကဲ့သို့ အကန်စကားများလည်းပါတတ်သည်။ ပေါ်ပြူလာဖြစ်ခြင်းကို အဟုတ်မှတ်၍ တခဏကို တစ်ဘဝဟု ထင်ကာ မတော်မညွတ်သည့် အဖော်အချွတ်များကလည်း အပြိုင်အဆိုင် ဖြစ်လာကြသည်။ ပွတ်လေပွတ်လေ ပြောင်လေဆိုသော ဖုန်းဘေလ်များကို ထိုထိုသော အကြောင်းတို့အတွက် အချိန်ကုန်ခံငွေကုန်ခံ၍ အသုံးပြုနေကြသည်မှာလည်း တွေးကြည့်လျှင် ရယ်ချင်စရာ ပင်ဖြစ်သည်။

           တစ်ဖန် အွန်လိုင်းဂိမ်းများကလည်း ခေတ်လူငယ်တို့၏ ဘဝတွင် စာသင်ခန်းထဲ၌လည်းမချ၊ ရေချိုးခန်းထဲသို့လည်းယူ၊ အိမ်သာပါမချန် ယူဆောင်ဆော့ကစားရသည်အထိ စွဲမက်ဖွယ်အတိဖြစ်နေလေသည်။ တစ်နေ့တာ၏ ၇၅%သော အချိန်တို့သည် ထိုဂိမ်းများတွင်သာနစ်မြောစေနိုင်ရန်အတွက် လွယ်ကူပေါ့ပါးစွာ လက်မှမချတမ်းဆော့ကစားနိုင်သော လက်ကိုင်းဖုန်းများမှ ထောက်ပံ့ကူညီပေးသည်။ မကြာသေးမီကလည်း မန္တလေးတွင် ကားလမ်းကူးလျှက်ပင် မချတမ်း အသက်နှင့်ရင်း၍ ဂိမ်းကစားသူတစ်ဦး ယာဉ်တိက်မှုကြောင့် သေဆုံးသွားကြောင်းသိရ၍ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းမိပါသေးသည်။ အွန်လိုင်းဂိမ်းကလေးကိုပင် အသက်ပေး၍ ဆော့ကစားရဲသော သတ္တိမှာလည်း တွေးကြည့်လျှင် ရယ်ရခက် ငိုရခက်ဖြစ်စေသည်။ ထို့ကြောင့် လူကြီးသူမများက အဓိပ္ပာယ်မဲ့ ဖုန်းသုံးခြင်းကိုလျှော့ချ၍ ဘဝကို အကျိုးပြုမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာရန် တိုက်တွန်းနေပြီဖြစ်သည်။ အချို့သော ရွှေဉာဏ်တော် ပညာရှင်များကလည်း အထက်ပါအချက်များမှာ ဖွံ့ဖြိုးတိုးတက်လာသော နည့်းပညာတို့ကြောင့်ဖြစ်သည်ဟု အပြစ်ဖို့လိုက်ကြသေးသည်။ သို့သော် စာရေးသူတို့ နိုင်ငံထက် အဆပေါင်းများစွာ နည်းပညာဖွံဖြိုးနေသော ဥရောပနိုင်ငံများ၊ အမေရိကတို့၌ စာအုပ်များကို အမြဲတစေ ဖတ်ရှုလေ့လာနေကြသည်မှာ အဘယ့်ကြောင့်နည်းဟုတွေးကြည့်လျှင် ရယ်ချင်စရာကောင်းနေပြန်သည်။

          ထိုမျှမက စာရေးသူတို့ မြန်မာ့လူငယ်ကလေးများမှ အချို့တွင်  သားသမီးများလူတကာအလယ်တွင် အထက်တန်းကျကျ မျက်နှာပန်းလှလှနေနိုင်ရန် နဖူးမှချွေးခြေမကျသည်အထိ ရှာဖွေခဲ့သော မိဘများ၏ပိုက်ဆံကို မီးရှိ့ဖွာရှိက်ပစ်သည့် ဆေးလိပ်သမားကလေးများ၊ အရည်ကျိုသောက်ပစ်သော အရက်သမားလေးများ၊ ညက်အောင်ဝါး၍ ထွေးထုတ်ပစ်သော ကွမ်းယာသမားလေးများ ပါဝင်နေသည်ကို ကြည့်လျှက် သတိသံဝေဂ ရမိပြန်သည်။ ထို့ပြင် ထိုသူတို့က လက်ဖက်ရည်ဆိုင်ထိုင်လျှက် "ယောင်္ကျားဆိုတာ စုံမှ" ဟုပြောသံကြားရသောခါ ၎င်းတို့အနာဂတ်ကို သိရဲ့လားဟု မေးကာ ရယ်ချင်မိသည်။

          ထိုပြင် စာရေးသူတို့သူငယ်ချင်းများထဲမှ မိမိချစ်သူနှင့်အဆင်မပြေဖြစ်၍ အမေမွေး၍ အကောင်းပကတိ လက်ကို ဘလိတ်ဓားဖြင့် လှီးဖြတ်ကာ အမာရွတ်ဖော်သူတို့ကို တွေ့သောအခါ အာဂသတ္တိ တွင်တွင်ရှိလှပေသည်ဟု တွေးလျှက် မသနားမိသည့်အပြင် လှောင်ရယ်ချင်စိတ်များပင်ဖြစ်ပေါ်လာလေတော့သည်။ မိမိကို အပြစ်အနာအဆာကင်းအောင် မွေးထုတ်ပေးထားသည့် အမေ့ကိုမှ အားမနာ ဘလိတ်ဓားဖြင်လက်ကိုလှီးသည်ကိုလည်း သနား စရာအကြောင်းမရှိပေ။ ထိုသည်က အဆင်မပြေလျှင်ဖြစ်လေ့ဖြစ်ထရှိပုံ။ အဆင်ပြေသောအခါလည်း ဘေးပတ်ဝန်းကျင်ရှိ လူကြီးသူမ၊ ဆရာ၊ ဆရာမ များကို အားနာပုံမပေါ် လမ်းမ မရှောင်၊ ဘုရားပေါ် မရှောင်၊ ဘက်စ် ကားပေါ်မှမရှောင် ပုခုံးဖက်လိုက် ကျောသပ်လိုက် လုပ်တတ်ကြသေးသည်။ ရှေးရှေးယခင်က ပါဝါတစ်ကမ်း၊ လက်တစ်လှမ်နေခဲံ့ကြသည်ဆိုတာကို သူတို့ကို ပြန်ပြောပြလျှင်တော့ ရယ်ကြမည်မှာအမှန်ပင်။ စာရေးဆရာ လင်းသိုက်ညွန့်မြန်မာ့မြေ၏ "ညီမလေးရယ်ပြောပြမယ်" ဆိုသည့် စာအုပ်တွင် " မြန်မာအမျိုးသမီးတွေမှာ တခြားနိုင်ငံ တခြားအမျိုးသမီးတွေမှာမရှိတဲ့ ဂုဏ်ဒြပ်တွေ၊ သိက္ခာတွေများစွာရှိကြတယ်။ က္ကနြေ္ဒသိက္ခာ၊ အပြောအဆို အမူအရာ၊ နေထိုင်ပြုမူပုံစသဖြင့်ပေါ့" ဟူ၍ ရေးသားထားသည်။ သို့သော် ယခုခေတ် ယခုအခါတွင် အနောက်နိုင်ငံအများစုမှ ယဉ်ကျေးမှုများကိုအတုယူကာ ပျက်စီးခြင်းငါးပါးဆိုက်လျှက် မြန်မာအမျိုးသမီးများသည် အခြားနိုင်ငံသူများနှင့် ထူးမခြားနားဖြစ်လာနေပြီ ဖြစ်သည်။ သို့သော် ခေတ်ကာလ အမျိုးသမီးကလေးများက ဤသို့နေရသည်ကိုပင် ကျေနပ်နေသည်။ ခေတ်မှီသည်ဟု ယုံမှတ်နေသည်။ တွေးကြည့်လျှင်တော့ ရယ်ချင်စရာ။

          သို့ဖြစ်ပါ၍ တွေးကြည့်လျှင် ရယ်ချင်စရာများလှသော ယနေ့ခေတ် ယနေ့အခါတွင် မိမိတို့ကိုယ်တိုင် ရယ်စရာတစ်ခု မဖြစ်ရလေအောင် လက်ကိုင်ဖုန်းများကို အကျိုးရှိစွာအသုံးပြု၍၊ အွန်လိုင်းဂိမ်းများကို ကစားချိန်လျှော့၍၊ စာအုပ်စာပေများကို လေ့လာဖတ်ရှု၍၊ မိဘများ၏ ပိုက်ဆံကို ပညာရေးတွင်အသုံးချ၍၊ အမြင်ယဉ်၍ အစဉ်သင့်သော ချစ်ခြင်းများဖြင့်နှောင်ဖွဲ့၍ ကျွန်ုပ်တို့၏ ကမောက်ကမရယ်စရာများကို တစ်ခန်းရပ်၍ ကန့်လန့်ကာချနိုင်လျှင် ကျွန်ုပ် စာရေးရကျိုးနပ်ပြီဖြစ်ပါတော့သည်။

အတိုင်းမသိစေတနာနှင့်

ပီတိ

Comments
* The email will not be published on the website.
I BUILT MY SITE FOR FREE USING