30 Apr
30Apr

Wish to know him....

သူသိပါစေ....

"ကျုပ်တို့ ခင်ဗျားတို့တွေ သိပ် ကံကောင်းတာဗျ"
ဘေးမှ စကားသံကြောင့် မျက်စိမပွင့်ခင်
အိပ်ရာနိုးသွားသည်။
အိပ်နေရာမှ ရုတ်တရက် မျက်စိကိုဖွင့်ကာ
အလူးအလဲထ လိုက်သည်။
ထို့နောက် ဘေးမှ အသက်၇၀ ကျော် ဘဘကြီးများ၏ ဗဟုသုတ စကားဝိုင်းကို
နားစွင့် လိုက်လေသည်။
"ကျုပ်တို့ မြတ်စွာဘုရားက အနှစ်တစ်ရာပြည့်ရင်
လူ့သက်တမ်း တစ်နှစ်တို တယ်လို့မိန့်ကြားခဲ့တာ"
"မြတ်စွာဘုရားပွင့်ခဲ့တာ နှစ်ပေါင်း၂၆၀၀ကျော်ပြီ
ဆိုတော့ လူ့သက်တမ်းက ၂၆ နှစ်တိုသွားပြီ။
မြတ်စွာဘုရားက လူ့သက်တမ်း နှစ်၁၀၀ တမ်းမှာ
ပွင့်တော့ အခု ဆို လူ့သက်တမ်းက ၇၄ နှစ် ပဲရှိတော့ တယ်"
ဒါ့ကြောင့် ကျုပ်တို့ ခင်ဗျားတို့ ၇၅ ၇၆ နှစ် အထိ
နေရတာ လူ့သက်တမ်းကျော်အောင် နေရတာဗျ
ကံကောင်းတယ် ကံကောင်းတယ်"
ထိုအခါနားထောင် နေသော ဘဘကြီးများ
ကလည်းရေနွေးခွက်ကို ကိုင်ကာ ခေါင်းတဆတ်ဆတ် ငြိမ့်လျက် ပြုံးသူကပြုံး
ရယ်သူကရယ်နှင့် ကျေနပ်သွားကြသည်။

ကျွန်တော်လည်း နာရီကိုဆတ်ကနဲကြည့်လိုက်ရာ
၃နာရီထိုးတော့မည် ဖြစ်သဖြင့် ရေချိုးရန်
ပြင်ဆင်ရတော့မည်။ မြန်မာနိုင်ငံ၏ မျှတသော
ရာသီဥတုတွင် မှ လွန်ကဲစွာပူလောင်နေသော
နေမင်း၏အပူရှိန်ကို မခံနိုင်သော ကျွန်တော့်အဖို့
ဤရေချိုးခြင်းအလုပ်မှာ မဖြစ်မနေ နေ့စဉ်အလုပ်
(Daily Work)ဖြစ်နေပေသည်။ထို့ကြောင့်
စကားစမြည်ပြောနေသော ဘဘကြီးများကို
နှုတ်ဆက် ကာ ရေချိုးရန်နေရာသို့ လမ်းလျှောက်လာခဲ့သည်။

တရားစခန်းဖြစ်၍ ရေချိုးရန်နေရာက အဆောင်နှင့် အနည်းငယ်လှမ်းသည်။
ထိုသို့လမ်းလျှောက်နေစဉ်
"ဒကာလေး ရေချိုးမလို့လား"
ဟူသောနောက်မှဦးဇင်း ၏အသံထွက်ပေါ်လာသည်။

"တင်ပါ့ဘုရား .. နေကလည်းပူအိုက်နေတာဘဲဘုရား"
"နွေရာသီကတော့ ဒီလိုဘဲပေါ့ကွယ်
ဒါနဲ့ ဒကာလေးကဒီကို တစ်ယောက်တည်းလာ
ပြီးတရားစခန်းဝင်တာလား"
"တင်ပါ့ဘုရား တစ်ယောက်တည်းပါဘုရား"
"ဘယ်သူလိုက်ပို့တုံး "
"တပည့်တော် ဘကြီးပါဘုရား
သူကဒီကျောင်းမှာ ဘုန်းကြီဝတ်ဖူးတယ်လေ"
"ဩော်ကောင်းတာပေါ့ ဒကာလေးက အသက်ဘယ်လောက်ရှိပြီတုံး"
"၁၆ ပါဘုရား... ၁၀တန်းဖြေပြီးတော့
သင်္ကြန်းတွင်းကို တရားစခန်းဝင်တာပါ"
"ကောင်းတယ် ကောင်းတယ် ငယ်ငယ်တည်းက
ဘာသာရေးအသိရှိမှ နောက်ကို အမှား အမှန်
ခွဲခြားတတ်မှာကွဲ့
ဒကာ က သင်တန်းတွေဘာတွေမတတ်ဘူးလား"
"မတတ်ရသေးဘူး ဘုရား သင်္ကြန်ပြီး ၅လပိုင်းလောက်မှ တတ်ဖြစ်မယ်ထင်တယ်"
"တတ်တော့လေ.. ၁၀တန်းကအောင်မှာသေချာတယ်မို့လား
အခုတည်းကEnglish speakingတို့
Computerသင်တန်းတို့ တတ်ထားမှ နောင်လုပ်ငန်းခွင်ဝင်ရင် အဆင်ပြေမှာ"
"အောင်မှာ ကတော့ သေချာတယ်ဘုရား
ကိုယ်လိုချင်တဲ့လိုင်းရဖို့ အမှတ် မှီ မမှီဘဲစိတ်ပူမိတယ်"
"ဘာမှစိတ်ပူမနေနဲ့ လိုချင်တဲ့လိုင်းမရလည်း
ထွက်လာတဲ့အမှတ်နဲ့ ကိုယ့်အတွက် အဆင်အပြေ
ဆုံးနေရာမှာ ထိပ်ဆုံးရောက်အောင်ကြိုးစားပေါ့
အဓိက လူဆိုတာ ရောက်တဲ့နေရာ ရောက်တဲ့
နယ်ပယ်မှာ အကောင်းဖြစ်အောင်ကြိုးစား။
ကဲ ဦးဇင်း ကြွလိုက်ဦးမယ်"
ဟုပြောကာထွက်သွားလေသည်။

မှန်ပါသည်။ ဆရာတော်ပြောသွားသည့် အထဲတွင်
ရောက်တဲ့နေရာရောက်တဲ့နယ်ပယ်မှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့။
မှန်လိုက်တဲ့စကား။ လူဆိုတာထိပ်ဆုံးဆိုတဲ့နေရာ
ကို သတ်မှတ်လို့မရဘူး အမေရိကန်သမ္မတဖြစ်သွားလို့ ငါထိပ်ဆုံး၊
နိုဗယ်ဆုရလို့ ငါထိပ်ဆုံး၊ရုပ်ရှင်မင်းသမီးဖြစ်နေလို့
ငါထိပ်ဆုံးဆိုတာမရှိပါဘူး။ အဓိက ကအောင်မြင်ဖို့ဘဲ ။ အောင်မြင်တယ်ဆိုတာကလည်း ဆိုက်ကားသမားမလို့ အိမ်သာဆေးတဲ့သူမလို့
၁၀တန်းမှာဘာသာစုံဂုဏ်ထူးမထွက်လို့
"ငါမအောင်မြင်ဘူး"ဆိုတာမရှိပါဘူး။
ဆိုက်ကားသမားကလည်း
သူဆိုက်ကားနင်းတဲ့နေရာမှာ အကောင်းဆုံး
နင်းတတ်ရင်အောင်မြင်တာဘဲ။
အိမ်သာဆေးတဲ့သူကလည်း သူဆေးတဲ့အိမ်သာ
အသန့်စင်ဆုံးဖြစ်ရင်သူအောင်မြင်တာဘဲ။
၁၀တန်းဖြေတဲ့သူကလည်း စာမေးပွဲမှာ သူ
အကောင်းဆုံးဖြေနိုင်ခဲ့ရင် မတော်လို့ ဖတ် ဖတ်
ကျတယ်ဆိုတောင်သူအောင်မြင်တာဘဲ။
စာဖတ်သူ သေနတ်တစ်လက်နဲ့ရန်သူ့နယ်မြေ
ကို တစ်ယောက်တည်း ရောက်သွားမယ်ဆိုရင်
စာဖတ်သူအနည်းဆုံးတော့ ရန်သူတွေအားလုံးကို
မအောင်နိုင်ခဲ့ရင်တောင် စာဖတ်သူရဲ့သေနတ်ထဲက
ကျည်အကုန်ပစ်နိုင်ခဲ့မယ်ဆိုရင် စာဖတ်သူဟာ
အောင်မြင်တဲ့စစ်သားတစ်ယောက်ပဲ။
ဒီသဘောတရားအတိုင်း လူ့ဘဝမှာအောင်မြင်ဖို့
သော့ချက်က အကောင်းဆုံးလုပ်ခြင်းလို့မှတ်ယူ
နို်င်တယ်။ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း
စာမေးပွဲအမှတ်ကိုစိတ်ပူပြီး မအိပ်မစားနိုင်ဖြစ်
နေကြသူတွေရှိပါတယ်။သူတို့တွေအပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေဆိုထားတဲ့
တစ်နိုင်ငံလုံးကသူငယ်ချင်းတွေကိုလည်း
ကျွန်တော်တွေ့ခဲ့တဲ့ ဦးဇင်းကြီးပြောသလို
ဘယ်လိုအမှတ်ပဲထွက်လာပါစေ ရတဲ့အမှတ်နဲ့
ရောက်တဲ့နေရာ ရောက်တဲ့နယ်ပယ်မှာ
အကောင်းဆုံးလုပ်ဆောင်ရင်း ထိပ်ဆုံးရောက်
အောင်ကြိုးစားနိုင်ပါတယ်။မြန်မာနိုင်ငံမှာ အခုဆိုရင် ပညာရေးအခွင့်အလမ်းတွေနေရာစုံက
လာနေတာဖြစ်ပါတယ်။ထို့ကြောင့် ခေတ်သစ်
စနစ်သစ်မှာ ရတဲ့အမှတ်ရောက်တဲ့နေရာမှာ
အကောင်းဆုံးကြိုးစားနိုင်ကြောင်း
မြန်မာတစ်နိုင်ငံလုံးရှိတက္ကသိုလ်ဝင်တန်းစာမေးပွဲ
ဖြေဆိုပြီးသူများသိကြပါစေလို့ဆုတောင်းရင်း...

Comments
* The email will not be published on the website.
I BUILT MY SITE FOR FREE USING