01 Jun
01Jun

Law of Newton

နယူတန်ပြောတဲ့Law


တစ်ခါက အတွေးအခေါ်ပညာရှင်ကြီး တစ်ယောက်က သူ့ရဲ့တပည့်တပန်းတွေကို သူတို့နေတဲ့အိမ်ရှေ့ နံရံမှာ စာတစ်စောင်ကိုကပ်ခိုင်းလိုက်တယ်။ပြီးတော့ သူ့တပည့်တွေကို "မင်းတို့ အဲဒီစာနဲ့ မနီးမဝေးမှာနေပြီး ဖြတ်သွားဖြတ်လာ လူတွေရဲ့ ဝေဖန်ပြောဆိုသံတွေကိုနားထောင်ပါ။ပြီးရင်ငါ့ကိုပြန်ပြောပြရမယ်။"လို့မှာလိုက်တယ်။ သူကပ်ခိုင်းလိုက်တဲ့ စာကြောင်းလေးက တိုတိုရှင်းရှင်းလေးပါ။

" သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည် "တဲ့။

စာကပ်ပြီးသိပ်မကြာခင်မှာ လူတစ်ယောက်ရောက်လာတယ်။ အဲဒီလူက စာကိုလက်ညိုးထိုးပြီး " သြော်… ဒါ နယူတန်ရဲ့နိယာမ ပါလား ဒါပေမယ့် နယူတန် လို့ရေးတဲ့ သူနာမည် ထည့်သင့်တယ် ။ ဒါမှ နောင်လာနောက်သားတွေ သိမှာ… " လို့ ပြောသွားတယ်။

သူထွက်သွားပြီးသိပ်မကြာခင်မှာ မိန်းမကြီးတစ်ယောက်ရောက်လာတယ်။ မိန်းမကြီးကလည်း စာကို ကြည့်ပြီး = ဘာတဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ထွီ .. ရွံ လိုက်တာ ဘာ သက်ရောက်မှုလည်း လူတွေများ မလိုတစ်မျိုး လိုတစ်မျိုး = လို့ပြောသွားတယ်။

အဲဒီမိန်းမကြီး ပြန်သွားပြီးမကြာခင်မှာ ဆေးတံကြီးကိုကြီးပါးစပ်မှာခဲထားတဲ့ အဖိုးကြီးတစ်ယောက်ရောက်လာတယ်။ သူကလည်း နံရံက စာသားကိုကြည့်ပြီး = သြော်.. နယူတန်တို့များ ပညာရှိပီသပါပေတယ်။ စကားကိုမလှိမ့်တစ်ပတ်ပြောသွားတယ်။ အမှန်က ပြင်းထန်သော သက်ရောက်မှုတိုင်းမှာ အနည်းငယ်သောတန်ပြန်သက်ရောက်မှုများရှိတတ်သည်။ လို့ပြောခဲ့ရမှာ … ဘယ်လိုဘဲဖြစ်ဖြစ်ပါလေ ဟတ် = လို့ ရယ်ရင်းနဲ့ပြောလိုက်တယ်။

သူလည်းလှည့်ထွက်သွားပြီး မကြာခင် ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ရောက်လာတယ်။ သူလည်းနံရံကို ကြည့်ပြီး = သြော် … နယူတန်ရယ် ခင်ဗျားက တန်ပြန်မှုရှိတဲ့ သက်ရောက်မှု တွေကိုဘဲ စမ်းသပ်ဖူးတာကို ။ ဘဝမှာ တစ်ချို့ သက်ရောက်မှုတွေက တန်ပြန်ခြင်းမရှိဘူး ဗျ = လို့ ခေါင်းငိုက်စိုက်ချပြီး ပြောသွားတယ်။

ဒီလိုနဲ့ ဆရာကြီးရဲ့တပည့်တွေက သူတို့ ဆရာကြီးကို ပြန်ပြောလေတယ်။ ဒီတော့မှ ဆရာကြီးက = ကဲ ငါ့တပည့်တို့ ပထမဆုံး မင်းတို့တွေ့ခဲ့ တဲ့ သူက ကျောင်းဆရာဘဲ။ ဒုတိယမိန်မကြီးကတော့ ငွေတိုးချည်းစား တဲ့ သူပေါ့။ တတိယမြောက်အဘိုးကြီးကတော့ စာရေးဆရာကြီး ဖြစ်ပြီး နောက်ဆုံးကောင်လေးကတော့ အသဲကွဲနေသူလေးပေါ့။=လို့ ခပ်ပြတ်ပြတ်ပြောလိုက်တယ်။ ဆရာကြီးရဲ့ တပည့်တွေကလည်း ဆရာကြီးကို ဆရာကြီး က သူတို့ ကိုမမြင်ရဘဲနဲ့ ဘယ်လိုလုပ် သိလဲ လို့ မေးကြတာပေါ့။ ဒီတော့မှဆရာကြီးက = တပည့်တို့ လူတစ်ယောက်ကို အဆုံးအဖြတ်ပေးတာ သူ့ရဲ့အသွင် သဏ္ဍာန် မဟုတ်ပါဘူး။ သူပြောတဲ့ စကားတွေကသာ သူ့ရဲ့နေထိုင်မှုပုံစံ အကျင့်စရိုက် အဆင့်အတန်းတွေကို ပိုင်းခြားပေးတာဖြစ်တယ်။ ပထမဆုံးသူဟာ စာကိုမြင်မြင်ချင်း နယူတန် ဆိုတဲ့ ပြောကြားခဲ့ သူ နာမည်မပါတာကို သတိထားမိသွားတယ်။နောက် သူ တွေးမိတာက နောင်လာနောက်သားတွေအတွက်။နိုင်ငံတစ်နိုင်ငံမှာ နောင်လာနောက်သား တွေအကြောင်း အဓိကထားတဲ့ သူဟာ ကျောင်းဆရာ အပြင် အခြားမရှိနိုင်ဘူး။ နောက်တစ်ယောက် ကတော့ နယူတန်တွေဘာတွေ သူခေါင်းထဲမှာ ရှိပုံ မရဘူး။ သူသက်ရောက်ထားတဲ့ ကိစ္စတစ်ခုက သူ့အပေါ်ပြန်မသက်ရောက်တာကိုဘဲ သောကတွေများပြီး ဒေါသတွေပွားနေပုံပေါ်တယ်။ဒီတော့ကိုယ် ပေးဆပ်ထားတာမရလို့ စိတ်တိုနေရခြင်းက အကြွေးဘဲဖြစ်နိုင်တယ်။တတိယမြောက်လူကတော့ တော်ရုံလူမတွေးနိုင်တဲ့ အတွေးမျိုးကိုတွေးနိုင်တဲ့ သူတစ်ယောက် ဆိုတော့ သူက စာတွေအများကြီးဖတ်ထားတဲ့ပုံပေါ်တယ်။နောက်သူပြောတဲ့ စကားတွေကလည်း ဘဝကိုနက်နက်ရှိုင်းရှိုင်း တွေးခေါ်နိုင်တဲ့ အတွက် သူဟာ ငါ့လို အတွေးခေါ်ပညာရှင်မဟုတ်ရင် စာရေးဆရာဘဲ။ နောက်ဆုံးတစ်ယောက်ကတော့ သူပေးခဲ့တဲ့ အရာတစ်ခုပြန်မရတဲ့ အတွက်ကြေကွဲ နေပုံပေါ်တယ်။ဒါကြောင့်သူဟာ အသဲကွဲနေတဲ့ လူငယ် တစ်ယောက်ဘဲဖြစ်မယ်။=လို့ပြောခဲ့တယ်တဲ့။ ပုံပြင်ကတော့ဒါပါဘဲ။ ဒါပေပမယ့်ကျွန်တော့် အမြင်လေးကိုတင်ပြပါရစေ။

ဆရာကြီးတွေးသွားတာတွေက သမားရိုးကျ တွေးသွားတာဘဲ ။ ဒီတော့ လောကမှာဆရာကြီးလို တွေးနိုင်တဲ့သူတွေ အများကြီးရှိမှာဘဲ။ အဓိကဆရာကြီးပြောချင်တာကတော့ စကားဘဲ ။ စကားဆိုတာ ပြောဖို့အလွယ်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံး အရာဘဲ။ မိမိပြောလိုက်တဲ့ စကားက မိမိကိုအဆင့်အတန်းကိုဖော်ပြနေတယ်။ ဒီတော့ စကားပြောတဲ့အခါမှာ သတိထားပြီးပြောဖို့အရေးကြီးတယ်။

နောက်တစ်ချက်ပြောချင်တာက ရှုထောင့်ဘဲ။ အခုဖြစ်ရပ်မှာ အဓိကက တော့ နယူတန်ပြောခဲ့တဲ့စကားဘဲ။ နယူတန်ကတော့ တစ်ခွန်းဘဲပြောခဲ့ တာပါ။ ဒါပေမယ့် ဖတ်တဲ့သူရဲ့အခြေအနေအပေါ်မှာမူတည်ပြီး ပြောင်းလဲသွားတာပါ။အဲဒါရှုထောင့်ပါဘဲ။ ကျွန်တော် ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး သဘောကျတဲ့ စကားလေးတစ်ခွန်း တင်ပြချင်ပါတယ်။ အဲဒီစကားလေးကတော့ =ငါစီးတဲ့ဖိနပ်ကိုစီး ငါလျှောက်တဲ့ လမ်းကိုလျှောက် ငါရပ်တဲ့နေရာရောက်မှ မင်းငါ့ကိုဝေဖန်ပါ။=တဲ့ ။ သိပ်တန်ဖိုးရှိတဲ့စကားဘဲ ။ မိမိဘက်ကကြည့်ရင်လက်ဖဝါးဆိုပေမယ့် တခြားဘက်ကတော့ လက်ဖမိုးကိုဘဲမြင်ရပါတယ်။ ဒီတော့အကြောင်းမသိဘဲ ဝေဖန်နေတဲ့သူတွေကိုအပြစ်တင်မနေပါနဲ့။ သူတို့လည်းသူတို့ ရှုထောင့်ကပြောတာပါ။ ကိုယ်ကလည်းကိုယ့်ရှုထောင့်ကပါ။ကိုယ့်ကိုပြင်းပြင်းထန်ထန်ဝေဖန်သူဆိုရင်တော့ ဆရာကြီးပြောသလို သူ့စကားက သူ့ဇာတိကိုပြသွားပါလိမ့်မယ်။ ဒီတော့

မိတ်ဆွေ… သင်ဟာ သင်လမ်းသင်လျှောက်နေတယ်ဆိုရင် သင့်ကိုဟောင်တဲ့ခွေးတိုင်းကို ခဲနဲ့ပေါက်မှာလား။

ဒီလိုဆိုရင်တော့ သင်ဟာရှေ့ဆက်လျှောက်ဖို့ ကြန့်ကြာသွားမယ်နော်။ ဒီတော့ သင့်ခြေလှမ်းတွေကို မလိုဘဲ မရပ်တန့်ပစ်လိုက်ပါနဲ့။

အနင်းခံနိုင်သောစပါးသန်သည် အဝေဖန်ခံနိုင်သောသူသည်လိမ္မာ၏ တဲ့။

မိတ်ဆွေလည်း အဝေဖန်ခံနိုင်သူဖြစ်ပါစေလို့ ဆုတောင်းရင်း…

Comments
* The email will not be published on the website.
I BUILT MY SITE FOR FREE USING