30 Sep
30Sep

Don't know too big, can't see so close

ကြီးလွန်းတော့မသိ နီးလွန်းတော့မမြင်


တစ်ခါကပေါ့ ဗာရာဏသီပြည့်ရှင်မင်းကြီးတစ်ပါးမှာ အရမ်းကိုချောမောလှပတဲ့ သမီးတော်လေးတစ်ပါးရှိပါတယ်။ တစ်နေ့တော့ ဘုရင်ကြီးဟာ သူ့သမီးတော်လေးရဲ့ ရှေ့ရေးအတွက် နဲ့ နိုင်ငံတော်ကို အုပ်ချုပ်နိုင်ဖို့အတွက် သမီးတော်လေးကို ကြင်ရာတော်ရှာဖွေပွဲလုပ်သတဲ့။ ဘုရင်ကြီးရဲ့ အမိန့်စာကတော့ ရိုးရိုးလေးပါ။ မင်းသမီးလေးကို လက်ဆက်ဖို့အတွက် အခြားသော ဂုဏ်ပကာသနတွေမလိုပါဘူး


သူ့ရဲ့နန်းတော်အနောက်ဆောင်က မြင်းစောင်းတန်းမှာ ၃နှစ် အလုပ်လုပ်ဖို့ဘဲဖြစ်ပါတယ်။ အစကတော့ မင်းသမီးလေးကို လိုချင်လို့လာကြပေမယ့် မြင်းစောင်းတန်းက အလုပ်ကြမ်းတွေကို မလုပ်နိုင်ကြတဲ့ အတွက် အလျှိုလျှိုလက်လျှော့ပြီးထွက်သွားလိုက်ကြတာ နောက်ဆုံး ၃နှစ်ပြည့်တဲ့အချိန် မင်းသမီးလေးကို လက်ဆက်ဖို့ အလုပ်လုပ်နေသူ ၃ယောက်ဘဲ ကျန်ခဲ့တယ်။ ဒီတော့မှမင်းကြီးကကျန်တဲ့ ၃ယောက်ကို နန်းတော်ထဲကိုခေါ်လိုက်တယ်။ ပြီးတော့ သူတို့ သုံးယောက်ကို မေးခွန်း၂ခုစီမေးပါတယ်။မေးခွန်းကတော့

"အသင်သည် ငါ၏သမီးငယ်အား မည်မျှချစ်သနည်း။

ငါ၏သမီးငယ်ကိုလက်ဆက်ပြီးပါက မည်သို့ စောင့်ရှောက်ပါမည်နည်း။"ဟူ၍ဖြစ်သည်။

ပထမလူကမူ " ကျွန်ုပ်သည် အရှင်မင်းကြီး ၏ သမီးတော်အား အကျွန်ုပ်၏ အသည်းအသက် တမျှချစ်မြတ်နိုးပါသည်။အရှင်မင်းကြီး၏ သမီးတော်ကိုလက်ဆတ်ပြီးလျှင် အဆောင်ပြသာဒ် ခုနှစ်ဆာင်ထပ်၍ အစောင့်အကြပ် များဖြင့် အသေအချာ စောင့်ရှောက်ပါမည်" လို့ပြောလိုက်တယ်။ ဘုရင်ကြီးက ကျေနပ်အားရစွာပြုံးပြီး နောက်တစ်ယောက်ကိုဆက်မေးလေသည်။ ဒုတိယတစ်ယောက်ကတော့ "အကျွန်ုပ်မှာမူ အရှင်မင်းကြီး၏ သမီးတော်အား နှုတ်ဖြင့်ဖော်ကျူးဖွဲ့ဆိုပြ၍ မရနိုင်အောင်ပင် မြတ်နိုးတွယ်တာပါသည်။ အရှင်မင်းကြီး၏ သမီးတော် အား လက်ဆတ်ပြီးလျှင် နိုင်ငံ၏ ထိပ်တန်း စစ်သည်တော်များဖြင့်ခြံရံစေလျှက်စောင့်ရှောက်ပါမည်။"လို့ပြန်ဖြေလိုက်တာနဲ့ ဘုရင်ကြီးက ယခင်ကထက် ပို၍ကျေနပ်အားရစွာပြုံး ကာ နောက်ဆုံးတစ်ယောက်ကို မေးလိုက်လေသည်။ နောက်ဆုံးတစ်ယောက်ကတော့ "အရှင်မင်းကြီး အကျွန်တော်မျိုးသည်ကား အရှင်မင်းကြီး၏ သမီးတော် အား အရှင်မင်းကြီး၏သမီးတော် မသိနိုင်အောင်ပင် ချစ်ပါသည်။ လက်ဆက်ပြီးသော အခါတွင်လည်း ကျွန်တော်မျိုးမမြင်နိုင်သောနေရာတွင်ထား၍ စောင့်ရှောက်ပါမည် " လို့ပြန်လျှောက်တင်လိုက်တယ်။ အဲဒီအခါ ဘုရင်ကြီးက တအံတသြ နဲ့ အဘယ်ကြောင့် ဤသို့လျှောက်တင်သနည်း။လျှောက်တင်ချက်၏ အဓိပ္ပာယ်ကို ပြန်လည်ဖြေရှင်းရန် မိန့်ကြားလေသည်။ ထိုအခါမှ သူငယ်ပျိုသည် " ဘုန်းတော်ကြီးမြတ်သော အရှင်မင်းကြီး ကျွန်တော်မျိုး၏ လျှောက်ထားချက်အဓိပ္ပာယ်အမှန်ကို သိမြင်စေရန် အမေးပြဿနာနှစ်ခုကို ဖြေရန်ရှိပါသည် ဘုရား"လို့ဆိုသတဲ့။ဒီလိုနဲ့ မင်းကြီးကမေးခွင့်ပြုလိုက်တယ်။ သူငယ်ပျိုလည်း "အရှင်မင်းတရားကြီး အရှင်မင်းကြီးအပေါ်အကြီးဆုံးကျေးဇူးပြုဖူးသူသည်မည်သူနည်း။ မင်းကြီးနှင့် အနီးကပ်ဆုံးနေသူမှမည်သူနည်း။" ဟုမေးလေသည်။ ထိုအခါ ဘုရင်ကြီးက " လုလင် ငါ၏အပေါ်အကြီးဆုံးကျေးဇူးပြုဖူးသည်ကား ငါ၏မိဘနှစ်ပါးဖြစ်လေသည်။ငါနှင့် အနီးကပ်ဆုံးနေသူကား ငါ၏မိဖုရားဖြစ်လေသည်။ " လို့ပြန်ဖြေသတဲ့ ။ အဲဒီ့အခါမှာ သူငယ်ပျိုက " အရှင်မင်းကြီး မင်းကြီး၏အပေါ်အကြီးဆုံး ကျေးဇူးပြုဖူးသူကား မင်းကြီး၏မိဘတို့မဟုတ်။ သုံးလောကထွတ်ထားမြတ်စွာဘုရားရှင်ပင်ဖြစ်သည်။ သို့သော် မိဘတို့၏ကျေးဇူးနှင့်နှိုင်းယှဉ်သော် မြတ်စွာဘုရား၏ ကျေးဇူးတော်မှာကြီးမားလွန်းလှသဖြင့် မင်းကြီး မသိနိုင်ချေ။ မင်းကြီး၏ အပါးတွင် အနီးကပ်ဆုံးနေသူကား မိဖုရားမဟုတ် ယပ်တော်ခပ် ပင်ဖြစ်သည်။သို့သော်မင်းကြီးသည် နီးကပ်လွန်းနေသဖြင့်မမြင်နိုင်ချေ။ထို့အတူကျွန်ုပ်သည်လည်း အရှင်မင်းကြီး၏ သမီးတော်ကို မင်းသမီး မသိနိုင်လောက်အောင်ပင်ကြီးမားစွာချစ်၍ မမြင်နိုင်လောက်အောင်ပင် နီးကပ်စွာစောင့်ရှောက်မည်ဟုအဓိပ္ပာယ်ရပါသည်။" လို့လျှောက်လိုက်တာနဲ့တပြိုင်နက် ဘုရင်မင်းကြီးလည်းအားရကျေနပ်စွာဖြင့် သူ၏သမီးတော်ကို လုလင်ပျိုနှင့်ထိမ်းမြှားပေးခဲ့လေတော့သည်။

ပုံပြင်ကတော့ဒါလေးပါဘဲ။ဒါပေမယ့် ဒီပုံပြင်ရဲ့message လေးက လူသားတွေရဲ့စိတ်အကြောင်းပြောသွားတာ။ လူတွေဟာ ကြီးလွန်းလျှင်လည်းမသိ နီးလွန်းလျှင်လည်းမမြင်တတ်ကြပါဘူး။ဒါက လူတိုင်းမှာရှိတဲ့ အမှန်တရားပါ။ ကျွန်တော်တို့ဟာ တစ်ခါတလေ ပိုက်ဆံအိတ်ကျန်ခဲ့လို့ စားသောက်ဆိုင်မှာ ကိုယ့်အစားပိုက်ဆံရှင်းပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်နေတတ်ပေမယ့် နေ့တိုင်းထမင်းကျွေးနေတဲ့ မိဘတွေကိုတော့ ကျေးဇူးတင်ဖို့ မေ့နေတတ်တယ်။ ကိုယ့်အနားမှာ သိပ်ခင်ဖို့ကောင်းတဲ့သူငယ်ချင်းတွေရှိပါရက်နဲ့ ရည်းစားမရှိတာအားငယ်နေတတ်ကြတယ်။ ကိုယ့်ကိုတစ်ခါလောက် စာမေးပွဲခန်းထဲမှာ စာပြောပြတဲ့သူငယ်ချင်းကိုကျေးဇူးတင်နေမိပေမယ့် Textbook တစ်ခုလုံးကို ရှင်းပြထားတဲ့ဆရာမကိုတော့ ကျေးဇူးလိုက်တာဆရာမရယ်လို့ မပြောတတ်ကြဘူး။ ကိုယ်တင်ထားတဲ့ post ကို သူများတွေ Like မပေးတာကို စိတ်အားငယ်တတ်ပြီး အမျိုးတွေကို Unfriend လုပ်ထားတာမေ့နေတတ်တယ်။ ဒီလိုနီးလွန်းတော့မမြင်တတ်တာနဲ့ ပတ်သတ်လို့မြန်မာ စကားပုံလေးတစ်ခုရှိတယ် သူများမျက်ချီးဘဲမြင်တယ် ကိုယ့်မျက်ချေးကိုယ်မမြင်ဘူးဆိုတာပေါ့။ ဒီစကားပုံကို သူများကိုအပြစ် တင်တတ်တဲ့လူတွေကို ဆုံးမဖို့သုံးတာဖြစ်ပေမယ့် ဒီစကားပုံးကလည်း နီးလွန်းလျှင်မမြင်ရတာကို အခြေခံထားတာပါ။

တကယ်တော့ လူတွေဟာ ကိုယ်နဲ့ အနီးဆုံးအရာတွေ အကြီးဆုံးအရာတွေကို သတိမထားမိ လို့ မတင်းတိမ်ခြင်း မရောင့်ရဲခြင်း အာသာမပြေခြင်း အလိုရမ္မက်ကြီးခြင်းတွေကို ခံစားနေရတာပါ။

ယနေ့ မြန်မာနိုင်ငံကလူတွေ ဘယ်နိုင်ငံမှာ ဘာရှုခင်းတွေလှတယ်။ ဘယ်နိုင်ငံမှာ ဘယ်လိုတိုးတက်တယ်။ ဆိုပြီး အကောင်းဆုံးဆိုတဲ့ ရာထူးတွေ ဘွဲ့တွေကို တခြားနိုင်ငံတွေမှာတပ်ပေးမိနေကြပါတယ်။တစ်ချို့ဆိုရင်မိမိနဲ့အနီးဆုံး ရန်ကုန်မြို့ဟာ သစ်ပင်တွေနဲ့ အဆောက်အအုံတွေ ရောယှက်နေတဲ့ Garden City ဆိုတာတောင်မေ့နေတတ်ပါတယ်။

ဒါကြောင့် ယနေ့ခေတ် လူသားများအားလုံး မိမိနှင့် အနီးဆုံးအရာများကိုမြင်၍ အကြီးဆုံးအရာများကိုသိနိုင်ကြပါစေလို့ ဆုတောင်းရင်း….

Comments
* The email will not be published on the website.
I BUILT MY SITE FOR FREE USING